ကပ္ပါယ်အိတ်အရောင်ပြောင်းသွားခြင်း နောက်ကွယ်
ကပ္ပါယ်အိတ်ထဲမှာရှိပြီး အမျိုးသားတွေရဲ့ လိင်တံအောက်မှာ တွဲလောင်းကျနေတဲ့ ဘဲဥအသေးသဏ္ဍာန် အလုံးလေးတွေပဲ ဖြစ်တဲ့ ဝှေးစေ့တွေဟာ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းနဲ့ မျိုးအောင်နိုင်ခြေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး မျိုးပွားစနစ် (Reproductive System) ရဲ့ မရှိမဖြစ် အင်္ဂါဆိုလည်း မမှားပါဘူးခင်ဗျာ။
ကပ္ပါယ်အိတ်တွေ အရောင်ပြောင်းနိုင်လား?
ဝှေးစေ့ဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် ကပ္ပါယ်အိတ်ကနေ အပြင်ပိုင်း အကာအကွယ်အနေနဲ့ ဖုံးလွှမ်းပေးထားပါတယ်။ ကပ္ပါယ်အိတ်ဟာ အရေပြားဖြစ်တဲ့အလျောက် တစ်ခါတလေမှာ အရောင်ပြောင်းသွားနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဝှေးစေ့ကို ထုပ်ပိုးထားတဲ့ အပြင်ဘက် ကပ္ပါယ်အိတ်ဟာ ပိုင်ရှင်ယောက်ျားလေးရဲ့ အသားအရောင် ဒါမှမဟုတ် အဲဒီအရောင်ထက် နည်းနည်းနက်မှောင်တဲ့ အသားအရောင်အတိုင်း ရှိပါတယ်။ များသောအားဖြင့် အသားအရောင်အတိုင်း မဟုတ်ဘဲ အရောင်ပြောင်းနေတာဆိုရင် -
- အနက်ရောင်
- အနီရောင် ဒါမှမဟုတ်
- ခရမ်းရောင် ဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။
ကပ္ပါယ်အိတ် အနက်ရောင်
ကပ္ပါယ်အိတ်အရောင် နက်မှောင်နေခြင်း၊ ညိုညစ်နေခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေမှာ အရမ်းအဖြစ်များပါတယ်။ သဘာဝမဟုတ်ဘဲ အရောင်နက်သွားစေတဲ့ ပြဿနာတွေကတော့ -
- ပွေးပေါက်တာ
- ထိခိုက်ဒဏ်ရာရပြီး သွေးခဲသွားတာ
- ကပ္ပါယ်အိတ်အရေပြားပေါ်မှာ Dermatitis အရေပြားပြဿနာဖြစ်တာ
- ကြွက်နို့အနာပေါက်တာ
- ရောင်ခြယ်ဆဲလ်တွေ များလွန်းနေတာ
- အသက်အရွယ် ကြီးရင့်လာတာ
- တခြားအရေပြားရောဂါတစ်ခုခုရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ကပ္ပါယ်အိတ် အနီရောင်
အရေပြားခြောက်ပြီး ယားယံတတ်တာ၊ ဓာတ်မတည့်အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် ကပ္ပါယ်အိတ်အရောင်က အနီရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားအကြောင်းရင်းအနေနဲ့ -
- အတွင်းခံ၊ ဘောင်းဘီလျှော်တဲ့ ဆပ်ပြာနဲ့မတည့်တာ
- ဖုန်၊ သဲ ကပ်နေတာ
- အရေပြားယားယံစေတဲ့ ပိုးမွှားတွေ ကိုက်ခံရတာ
- အရေပြား နီရဲရောင်ရမ်းမှုဖြစ်တာ
- ဝဲစို၊ ဝဲခြောက်ပေါက်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကပ္ပါယ်အိတ် ခရမ်းရောင်
ခရမ်းရောင်သမ်းနေတဲ့ အခြေအနေကတော့ ကျန်းမာရေးအရ နည်းနည်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ သတ်မှတ်လို့ရပါတယ်။ Testicular Torsion လို့ခေါ်တဲ့ ဝှေးစေ့ပြွန် လိမ်သွားတဲ့ပြဿနာမှာ ဝှေးစေ့အတွင်း သွေးစီးဆင်းမှုမရှိတော့တဲ့အတွက် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရတဲ့အပြင် ဝှေးစေ့က ခရမ်းရောင်ကို သမ်းလာနိုင်ပါတယ်။
ဝှေးစေ့ပြွန် လိမ်သွားခြင်းဟာ သဘာဝအတိုင်း ပြန်တည့်မတ်လို့မရဘူးဆိုရင်တော့ အသေးစားခွဲစိတ်မှုနဲ့ လိမ်နေတဲ့နေရာကို ပြန်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။ ဝှေးစေ့ပြွန်လိမ်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အလျင်အမြန် ကုသမှုခံယူရမှာဖြစ်ပါတယ်။
အကယ်လို့ ကိုယ့်အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အရောင်တွေကို သတိထားမိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်